5th Annual General Meeting and Gala Dinner of Proven Group of Companies Ltd. (FY 2025–2026)

Proven Group of Companies Ltd. ၏ ၂၀၂၅–၂၀၂၆ ဘဏ္ဍာရေးနှစ် (၅) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး (5th Annual General Meeting) နှင့် နှစ်ပတ်လည်အစည်းအဝေး အထိမ်းအမှတ်ညစာစားပွဲ (Gala Dinner) ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက် (စနေနေ့)တွင် ရန်ကုန်မြို့ရှိ Sedona Hotel Yangon ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

(၅) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို Mindon Room, Level 2 တွင် ကျင်းပခဲ့ပြီး အစည်းအဝေးသို့ Proven Group of Companies Ltd. ၏ အစုရှယ်ယာရှင်များ၊ ဒါရိုက်တာ အဖွဲ့ဝင်များနှင့် အကြံပေးပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကာ ၂၀၂၅–၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများ၊ ဘဏ္ဍာရေးနှင့် ဘဏ္ဍာရေးမဟုတ်သော အစီရင်ခံချက်များ၊ လုပ်ငန်းဆိုင်ရာ အရေးကြီးကိစ္စရပ်များနှင့် သက်ဆိုင်ရာအစည်းအဝေးဆုံးဖြတ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြ ပါသည်။

အစည်းအဝေးဆုံးဖြတ်ချက်များ အတည်ပြုခြင်းမပြုမီ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှုဆိုင်ရာ အကဲဖြတ်အစီရင်ခံစာဖြစ်သည့် ပွင့်သစ်စ (Pwint Thit Sa) Assessment ၏ အကဲဖြတ်စံနှုန်းများတွင် အစုရှယ်ယာရှင်များ၏ ဆန္ဒမဲရလဒ်များအား ထုတ်ပြန်ဖော်ပြခြင်း ရှိ/မရှိကို ထည့်သွင်းအကဲဖြတ်ထားကြောင်း ပဏာမရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့ကြောင့် အစည်းအဝေးတွင် တင်ပြဆွေးနွေးသည့် အကြောင်းအရာများနှင့် ဆုံးဖြတ်ချက်များအပေါ် အစုရှယ်ယာရှင်များ၏ သဘောထားဆန္ဒကို ပွင့်လင်းမြင်သာစွာ မှတ်တမ်းတင်နိုင်ရန် အတည်ပြုခြင်း၊ ကန့်ကွက်ခြင်းနှင့် ကြားနေခြင်း တို့အတွက် ဆန္ဒမဲပေးနိုင်ကြောင်း ရှင်းလင်းအသိပေးခဲ့ပါသည်။

အစည်းအဝေးသို့ လူကိုယ်တိုင်တက်ရောက်သည့် အစုရှယ်ယာရှင်များအနေဖြင့် လက်ထောင်၍ ဆန္ဒမဲပေးခြင်း ဖြင့်လည်းကောင်း၊ Online မှ တက်ရောက်သည့် အစုရှယ်ယာရှင်များအနေဖြင့် Chat Box မှတစ်ဆင့် Raise Hand အမှတ်အသားကို အသုံးပြုခြင်း ဖြင့်လည်းကောင်း မိမိတို့၏ ဆန္ဒသဘောထားကို ဖော်ပြနိုင်ကြောင်း ရှင်းလင်းအသိပေးခဲ့ပါသည်။ ထို့အပြင် ဆုံးဖြတ်ချက်တစ်ရပ်ချင်းစီအတွက် ရရှိသည့် ဆန္ဒမဲရလဒ်များကို မှတ်တမ်းတင်၍ သက်ဆိုင်ရာ အစည်းအဝေးမှတ်တမ်းများတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်းလည်း ရှင်းလင်းတင်ပြခဲ့ ပါသည်။

ထို့နောက် အစည်းအဝေးဆုံးဖြတ်ချက်များကို တစ်ရပ်ချင်းစီ ဖတ်ကြားတင်ပြ၍ ဆန္ဒမဲရယူခဲ့ရာ တက်ရောက်လာကြသည့် အစုရှယ်ယာရှင်များက လက်ထောင်၍ ဆန္ဒမဲပေးခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက်များအား တစ်ညီတစ်ညွတ်တည်း သဘောတူအတည်ပြု ဆုံးဖြတ်ခဲ့ကြ ပါသည်။

အစည်းအဝေးအပြီးတွင် နှစ်ပတ်လည်အထွေထွေအစည်းအဝေး အထိမ်းအမှတ် Gala Dinner ကို Sedona Hotel Yangon, Executive Lounge, Level 25 တွင် ဆက်လက်ကျင်းပခဲ့ပါသည်။

အဆိုပါ Gala Dinner သို့ Proven Group မိသားစုဝင်များ၊ ညီနောင်ကုမ္ပဏီများမှ Board of Directors များနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ရင်းနှီး နွေးထွေးစွာ တွေ့ဆုံခဲ့ကြကာ အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

အဆိုပါ (၅) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့်Gala Dinner သည် Proven Group ၏ နှစ်စဉ်လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ခြင်း၊ အရေးကြီးသည့် လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ပွင့်လင်းမြင်သာစွာ တင်ပြဆွေးနွေးဆုံးဖြတ်ခြင်းတို့နှင့်အတူ အစုရှယ်ယာရှင်များ၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ အကြံပေးပုဂ္ဂိုလ်များနှင့် Proven Group မိသားစုဝင်များအကြား ပူးပေါင်း ဆောင်ရွက်မှုနှင့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေသည့် အမှတ်တရအခမ်းအနားတစ်ရပ် ဖြစ်ခဲ့ပါသည်။